နှာတံလေးပေါ်အောင် ခွဲချင်ကြသလား
မင်းသမီးတွေ၊ ဆယ်လီတွေ ပလတ်စတစ်ဆာဂျရီလုပ်ကြတဲ့အခါ နှာခေါင်းခွဲစိတ်ပြီး နှာခေါင်းပြင်ကြတာ များတယ်နော်။ နှာတံပေါ်ပေါ်လေးရှိတဲ့အခါ မျက်နှာရဲ့အလှက ပိုပေါ်လွင်သွားသလို ခံစားရတယ် မဟုတ်လား။
နှာတံခွဲစိတ်တာကို ဆေးပညာအားဖြင့် Rhinoplasty လို့ခေါ်ပြီး အလှအပအတွက် ခွဲစိတ်ကြတာများသလို မွေးရာပါချို့ယွင်းချက်ရှိတာ၊ ထိခိုက်ဒဏ်ရာရတာကြောင့် နှာခေါင်းပုံပျက်တာ၊ နှာခေါင်းပိတ်ပြီး အသက်ရှူမဝတာ၊ ပါးစပ်နဲ့အမြဲ အသက်ရှူနေရတာတွေကြောင့်လည်း ခွဲစိတ်တတ်ကြပါတယ်။
နှာခေါင်းခွဲတာကို အများအားဖြင့် မေ့ဆေးပေးကာ လုပ်လေ့ရှိပြီး ၁နာရီခွဲကနေ ၃နာရီခန့် ကြာနိုင်ပါတယ်။
နှာတံခွဲစိတ်ရာမှာ…
- နှာခေါင်းသေးချင်လို့ ခွဲတာ (အရိုးနုနဲ့ အရိုးတချို့ကို ဖြတ်ထုတ်တာပါ)
- နှာတံပေါ်အောင် ခွဲတာ (နားရွက်က အရိုးနုနဲ့ တင်ပဆုံ၊ တံတောင်ဆစ်၊ ဦးခေါင်းခွံတို့က အရိုးကိုယူပြီး အစားထိုးတာ ရှိသလို ဆီလီကွန် အလွယ်တကူထည့်တာမျိုးလည်း ရှိပါတယ်)
- နှာတံဖော်တာ (နှာခေါင်းရိုးကို ချိုးပြီး အရိုးနုတွေကို ပုံစံပြန်ချတာ) စသဖြင့် အမျိုးမျိုး ရှိပါတယ်။
ခွဲပီးလို့ တစ်ပတ်ခန့်ကြာတဲ့အထိ နှာခေါင်းကို ပလာစတာနဲ့ ပိတ်ထားတာဖြစ်တဲ့အတွက် နှာခေါင်းနဲ့ အသက်ရှူလို့ ရမှာမဟုတ်ဘဲ ပါးစပ်နဲ့ပဲ ရှူလို့ရမှာပါ။ တစ်ပတ်အကြာမှာ ချုပ်ရိုးဖြည်လေ့ရှိပါတယ်။ ၁ လခွဲခန့်ကြာတဲ့ထိ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ရှောင်ရမှာ ဖြစ်ပါတယ်။
နှာတံခွဲတာဖြစ်ဖြစ်၊ တခြားအစိတ်အပိုင်းတွေ ခွဲတာဖြစ်ဖြစ် အရေးကြီးတာက ခွဲပေးမယ့်သူက ကျွမ်းကျင်တဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ ခွဲပေးမယ့်သူရဲ့ အတွေ့အကြုံ၊ အရင်ခွဲထားဖူးသူတွေရဲ့ မှတ်ချက်၊ ခွဲစိတ်မှုနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုဘွဲ့ ရထားတဲ့ ဆရာဝန် ဟုတ်ရဲ့လားဆိုတာကို သေချာစုံစမ်းပါ။
မခွဲခင် ဖြစ်လာမယ့် ရလဒ်၊ ဖြစ်နိုင်မယ့် ဆိုးကျိုးတွေအကြောင်း အချိန်ယူဆွေးနွေးပြီးမှ လုပ်သင့်ပါတယ်။ ခွဲပြီးလို့ မျက်နှာပျက်စီးသွား၊ ရုပ်ဆိုးသွားမှ အရင်လို ပြန်ဖြစ်ချင်လို့ ရမှာ မဟုတ်ပါဘူး။
ဘေးထွက်ဆိုးကျိုး ဘာတွေရှိနိုင်လဲ?
- နှာခေါင်းပိတ်တာ၊ ပါးစပ်နဲ့ အသက်ရှူရတာ
- နှာခေါင်းက တင်းပြီး ထုံနေတာ
- နှာခေါင်းနဲ့ မျက်လုံးတဝိုက် ရောင်နေတာ၊ အညိုမဲစွဲနေတာ (၃ပတ်ခန့် ကြာနိုင်ပါတယ်)
- နှာခေါင်းသွေးထွက်တာ စတဲ့ အနည်းအကျဥ်း ဆိုးကျိုးတွေ ရှိနိုင်သလို
- နှာခေါင်းအမြဲ ပိတ်နေတတ်တာ
- နှာခေါင်းက ပုံပျက်သွားတာ
- နှာခေါင်းပေါက်နှစ်ခုကြားက အရိုးနု ထိခိုက်ပျက်စီးသွားတာ
- အနံ့ခံအာရုံ မကောင်းတော့တာ
- ရောဂါပိုးဝင်တာ
- ခွဲနေစဥ်အတွင်း မေ့ဆေး၊ ထုံဆေးနဲ့ ဓာတ်မတည့်တာ၊ သွေးထွက်လွန်တာ စတဲ့ ဆိုးကျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
သဘာဝအတိုင်း လှတာလေးကတော့ အကောင်းဆုံးပါ။ အကယ်၍ ပိုပိုပြီးတော့ လှချင်လို့ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့် ခွဲရတာပဲဖြစ်ဖြစ် နှာတံခွဲစိတ်ဖို့ဆိုရင် ကောင်းကျိုးဆိုးပြစ်တွေကို လေ့လာပြီး ခွဲမယ့်ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးပြီးမှ ဆုံးဖြတ်ပါလို့ အကြံပြုပါရစေ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်